ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် စီးတီးရန်ကုန်အသင်းသည် လက်ရှိအချိန်တွင် နုတ်ထွက်သွားခဲ့သည့်အတွက် မြ၀တီအက်ဖ်စီအသင်းမှာ ၂၀၁၈ နေရှင်နယ်လိဂ်ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရခဲ့သည်။

၂၀၁၇ ခုနှစ် လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ ရခဲ့သည့် စီးတီးရန်ကုန်အသင်းနှင့် မဟာယူနိုက်တက် အသင်း တို့မှာ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်-၁ (MNL-1) သို့ တန်းတက်ကစားခွင့်ရခဲ့သည်။ သို့သော်  ချန်ပီယံ စီးတီးရန်ကုန်အသင်းသည် အသင်းပိုင်ရှင်များ၏ ပြည်ဝင်ခွင့်ဗီဇာအခက်အခဲကြောင့် အသင်းအား ဦးဆောင်ဖွဲ့စည်းပြီးဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ နုတ်ထွက်ခဲ့သည့်အတွက် အဆင့် ၃ နေရာမှ မြ၀တီအက်ဖ်စီအသင်းမှာပြိုင်ပွဲစည်းမျဉ်းအရ တန်းတက်ကစားခွင့်ရရှိလာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နိုဝင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် လိဂ်ကော်မတီအစည်းအဝေးမှလည်း မြ၀တီအက်ဖ်စီအသင်းအား တန်းတက် ကစားခွင့်ရရန် အတည်ပြုသတ်မှတ်ပေးခဲ့သည်။ မြ၀တီအက်ဖ်စီအသင်းအနေဖြင့် MNL-1 2018 ပြိုင်ပွဲတွင် အိမ်ကွင်းပွဲစဉ်အဖြစ် နေပြည်တော်ရှိ ဇေယျာသီရိဘောလုံးကွင်း လက်ခံကျင်းပသွားမည်ဖြစ်သည်။
MNL MAX CEMENT 2017 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် နေပြည်တော်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့မှာ လိဂ်-၂ ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရသည်။ သို့သော် လက်ရှိအချိန်တွင် နေပြည်တော်အသင်းသည်ဘောလုံးရာသီမကုန်ဆုံးမီ ကပင် လိဂ်ကော်မတီမှ ၄င်းတို့အသင်းကို ထုတ်ပယ်ခဲ့သလို ချင်းယူနိုက်တက်အသင်းသည်လည်း ၂၀၁၇ ဘောလုံးရာသီအပြီးတွင် အသင်းကို ဆက်လက် မရပ်တည်နိုင်ကြောင်း နုတ်ထွက်စာတင်ပြခဲ့သဖြင့် လိဂ်ကော်မတီမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် လာမည့် ၂၀၁၈ ခုနှစ် နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ကလပ်အသင်း ၁၂ သင်းဖြင့်သာ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။