လာမည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား MPT Myanmar National League 2018 ပြိုင်ပွဲအမည်ဖြစ် ကျင်းပမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် လိဂ်ကော်မတီအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့သည်။

လာမည့် ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ကို MPT မှ Partnership စပွန်ဆာအဖြစ် ကူညီပံ့ပိုးပေးမည်ဖြစ်သည့်အတွက် ပြိုင်ပွဲအမည်အား MPT Myanmar National League 2018 အဖြစ် ပြောင်းလဲ ကျင်းပမည်ဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်း၊ ရုပ်သံမီဒီယာများအနေဖြင့် MPT Myanmar National League 2018 အဖြစ် အပြည့်အစုံ ရေးသားခေါ်ဆိုနိုင်ပါရန်အသိပေး မေတ္တာရပ်ခံအပ်ပါသည်။
၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်များတွင် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို Grand Royal မှ လည်းကောင်း၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်များတွင် မြန်မာဘရူဝါရီ လီမိတက်(Myanmar)မှလည်းကောင်း၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် Ooredoo မှလည်းကောင်း  အသီးသီးစပွန်ဆာများပေးခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ရာသီဝက်ကာလတွင် MAX CEMNET မှ အဓိက စပွန်ဆာပေးထားခဲ့သည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလတွင် စတင်ကျင်းပမည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း ကလပ်အသင်း ၁၂ သင်းပါဝင်မည်ဖြစ်ပြီး ပါဝင်မည့်အသင်းများမှာ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ ဧရာဝတီ ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ မကွေးအက်ဖ်စီ၊ ဆောက်သမ်းမြန်မာအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်၊ GFA FC ၊ မဟာယူနိုက်တက်နှင့် မြ၀တီအက်ဖ်စီအသင်းတို့ ဖြစ်ကြသည်။ လာမည့်နှစ်တွင် GFA FC ၊ ဇွဲကပင်ယူနိုက်တက်၊ မကွေး အက်ဖ်စီ စသည့် အသင်းသုံးသင်းမှအပ ကျန်သည့် အသင်း ကိုးသင်းသည် အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပ သွားမည်ဖြစ် သည်။ MNL-1 ပြိုင်ပွဲအပြင် MNL-2 နှင့် MNL Youth ပြိုင်ပွဲများဖြစ်သည့် U-21, U-20, U-19, U-18 စသည့်ပြိုင်ပွဲများတွင်လည်း MPT အမည်ပါ ၀င်သည့် Title Tournament အမည်များဖြင့် အမည်ပေးကျင်းပသွားမည်ဖြစ်သည်။