တန်းဆင်းဇုန်တိုက်ပွဲကြားက ချင်းဒါဘီ ပွဲစဉ်နဲ့… ရတနာပုံ-ရှမ်းတို့ ဆုံတွေ့နေတဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၁)
===========================================
MNL Max Cement 2017 ရာသီပြီးဆုံးဖို့ နှစ်ပတ်ပဲ ကျန်ရှိတော့တဲ့အချိန်မှာ ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ ယတိပြတ်ပြောဆိုလို့ မရသေးတဲ့အနေအထားမှာ ဘယ်အသင်းတွေ တန်းဆင်းရမလဲဆိုတာ အဖြေမပေါ်သေးတာလည်း ဒီရာသီ မြန်မာနေရှင်နယ်လိဂ်ရဲ့ ထူးခြားတဲ့ စွဲဆောင်မှု တစ်ခုဖြစ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းအားလုံးနိုင်ပွဲကိုယ်စီ ရခဲ့လို့ အမှတ်ပေးဇယား ရပ်တည်မှုအပြောင်းအလဲ မရှိခဲ့တဲ့အပြင် ဂျီအက်ဖ်အေအသင်းကလည်း ရခိုင်အသင်းကို အံအားသင့်ဖွယ်ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရခဲ့လို့ တန်းဆင်းဇုန်အတွင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တာပါ။ ချန်ပီယံဖြစ်ဖို့ အမှားခံလို့ မရတော့တဲ့ အခိုက်အတန့်မှာ ရတနာပုံ-ရှမ်း ထိပ်တိုက်တွေ့မှု နဲ့ တန်းဆင်းဇုန်ကြားက ချင်းဒါဘီ ပွဲစဉ်တွေက ဒီတစ်ပတ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ ရသကို ဆက်လက်ပေးစွမ်းမယ့် ပွဲစဉ်တွေဖြစ်လာမှာပါ….။

ချင်းယူနိုက်တက်-ဂျီအက်ဖ်အေအက်ဖ်စီ
(အောက်တိုဘာ ၂၁၊ ညနေ ၄း၀၀၊ သုဝဏ္ဏ)
ပထမအကျော့တွေ့ဆုံမှုရလဒ် = ဂျီအက်ဖ်အေ ၂-၁ ချင်း
အရေးပါဆုံးအခိုက်အတန့်…. တန်းဆင်းရဖို့… အဆုံးအဖြတ် ဖြစ်လာဖို့ ရှိနေတဲ့အချိန်မှာ ချင်းပြည်နယ် ကိုယ်စားပြုနှစ်သင်း လာရောက်တွေ့ဆုံနေတာပါ။ ဒီတစ်ပတ် ပွဲစဉ် (၂၁)ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ်တွေက တစ်ပွဲလည်းဖြစ်ပါတယ်။ ချင်းအသင်းက လတ်တလော ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဂျီအက်ဖ်အေကတော့ ၁၃ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေတာ တွေ့ရမှာပါ။ ဂျီအက်ဖ်အေအသင်းက သရေရလဒ် ရရှိတာနဲ့ တန်းမဆင်းရဖို့ အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်သွားမှာဖြစ်ပြီး ချင်းအသင်းကတော့ တန်းမဆင်းရဖို့ နိုင်ပွဲရမှ ဖြစ်မယ့် အနေအထားတစ်ခုပါ။ ကစားသမားအင်အား ပိုင်ဆိုင်မှုအပိုင်းမှာ လက်ရွေးစင်အများစု ပါဝင်နေတဲ့ ချင်းအသင်းက အနည်းငယ်သာသလို ရှိပေမယ့် လက်ရွေးစင်ဟောင်း မိုင်းအိုက်နိုင် ဦးဆောင်တဲ့ ဂျီအက်ဖ်အေအသင်းက လတ်တလော စုစည်းမှု ပိုမိုကောင်းမွန်တာတွေ့ရပါတယ်။ ဒီပွဲပြီးရင် ဂျီအက်ဖ်အေအသင်းက မကွေးအသင်းနဲ့ တွေ့ဆုံနေသလို ချင်းအသင်းကတော့ ချန်ပီယံလမ်းကြောင်းပေါ်က ရန်ကုန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ပွဲစဉ် (၂၂) ဟာ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပြိုင်ဘက်တွေက စောင့်ကြိုလို့နေတာဖြစ်ပါတယ်။ ယခုပွဲစဉ်ကို
နှစ်သင်းစလုံးက အမှတ်ရအောင် ရေကုန်ရေခမ်း ကြိုးစားရမှာပါ။ ဒါကြောင့် ချင်းဒါဘီပွဲစဉ်ဟာ စိတ်ဝင်စားဖွယ်ရာအတိနဲ့ ပြည့်နှက်နေတဲ့ပွဲစဉ်လို့ ဆိုချင်ပါတယ်။

ရတနာပုံအက်ဖ်စီ-ရှမ်းယူနိုက်တက်
=================
(အောက်တိုဘာ ၂၂၊ ညနေ၄း၀၀၊ မန္တလာသီရိ)
ပထမအကျော့တွေ့ဆုံမှုရလဒ်= ရှမ်း ၁-၁ ရတနာပုံ
ဒီတစ်ပတ်ရဲ့ နောက်ထပ် ပရိသတ်စိတ်ဝင်စားမှု အရှိဆုံး ပွဲစဉ်တွေထဲက တစ်ပွဲပါ။ အိမ်ရှင်ရတနာပုံအသင်းအနေနဲ့ ရှုံးထွက်ဖလားမှာ ရန်ကုန်အသင်းရဲ့ နောက်ကောက်ချခြင်း ခံခဲ့ရတာကြောင့် ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရတော့မှာပါ။ ပြိုင်ဘက်ရှမ်းအသင်းကတော့ ဖလားနှစ်လုံးလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေတဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ရှမ်းအသင်းအနေနဲ့ မန္တလာမြေမှာ နိုင်ပွဲရရှိမှသာ အမှတ်ပေးချန်ပီယံလမ်းကြောင်းက ဆက်လက်ရှင်သန်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ရတနာပုံလိုအသင်းမျိုးနဲ့ တွေ့ဆုံနေတာကတော့ ရှမ်းအသင်းအတွက် ကံဆိုးမှု တစ်ခုလို့ ဆိုဖွယ်ရာရှိနေပါတယ်။ ရတနာပုံ တိုက်စစ်မှူး ပက်ထရစ်ကလည်း ပြီးခဲ့တဲ့ ဟံသာဝတီနဲ့ပွဲမှာ ဟက်ထရစ်ရခဲ့ပြီး ဂိုးမြူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် အသင်းကြီးတစ်သင်းရဲ့ ဂုဏ်သိက္ခာ၊ လက်ရှိချန်ပီယံစတဲ့ ဂုဏ်ပုဒ်တွေကလည်း လာမယ့်ပွဲစဉ်ကို ထင်ဟပ်စေမှာပါ။ ဒါကြောင့် မန္တလာမြေက ရတနာပုံ-ရှမ်း တွေ့ဆုံမှုဟာ အကြိတ်အနယ်ရှိ ပွဲစဉ်တစ်ပွဲအဖြစ် မြင်တွေ့ခံစားခွင့် ရမယ့်ပွဲစဉ်လို့ ဆိုချင်ပါတယ်။

ပထမအကျော့တွေ့ဆုံမှုမှာ
ဧရာဝတီယူနိုက်တက်- ဇွဲကပင်ယူနိုက်တက်
=====================
(အောက်တိုဘာ ၂၂၊ ညနေ ၃း၃၀၊ ပုသိမ်)
ပထမအကျော့တွေ့ဆုံမှုရလဒ်= ဇွဲကပင် ၀-၀ ဧရာဝတီ
ဒီပွဲစဉ်ကတော့ နှစ်သင်းစလုံး ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်သွားရတော့မှာပါ။ အိမ်ရှင်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ ရှမ်းယူနိုက်တက် နဲ့ ပွဲစဉ်မှာ ခါးသီးတဲ့ အရှုံးဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် သူတို့အသင်းအနေနဲ့ ဇွဲကပင်နဲ့ပွဲကို ဂုဏ်သိက္ခာအတွက် နိုင်ပွဲပြန်ရှာရမယ့် အချိန်ပါပဲ။ ပြိုင်ဘက် ဇွဲကပင်အသင်းအနေနဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်း အနည်းငယ် ကောင်းမွန်လာခဲ့ပေမယ့် ပွဲစဉ် (၂၀)မှာ ရန်ကုန်အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာ့စပါးကျီမြေကနေ အမှတ်ဗလာနဲ့ အိမ်မပြန်ရဖို့ အရေး
အားထည့်ကစားလာမှာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက်-ဆောက်သမ်းမြန်မာ
======================
(အောက်တိုဘာ ၂၂၊ ညနေ ၃း၃၀၊ ပဲခူး)
ပထမအကျော့တွေ့ဆုံမှုရလဒ်= ဆောက်သမ်းမြန်မာ ၄-၂ ဟံသာဝတီ
ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်(၂၀) မှာ ရတနာပုံကို မိနစ် ၉၀ ပြည့် အချိန်ပို ၄ မိနစ်အထိ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်နေပေမယ့် ဧည့်သည်အသင်းရဲ့ နောက်ကျချေပဂိုးကြောင့် အိမ်ကွင်းသုံးပွဲဆက် သရေရလဒ် ထွက်ပေါ်မယ့် စံချိန်ဟာလည်း ပျက်ယွင်းသွားခဲ့ရပါတယ်။
ပွဲစဉ် (၁၈) ကစလို့ ပဲခူးမြို့ Grand Royal Stadium မှာ အိမ်ကွင်းအနနဲ့ လက်ခံ ကျင်းပခဲ့ပေမယ့် နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်နဲ့ နိုင်ပွဲမရရှိသေးတာပါ။ ဒါကြောင့် လာမယ့် ပွဲစဉ်ဟာ ပဲခူးမြို့ခံ ပရိသတ်တွေ ပျော်ရွှင်ခွင့် ရမယ့် ပထမဆုံး ပွဲစဉ်ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာပါ။ ပထမအကျော့ဒီနှစ်သင်း တွေ့ဆုံချိန်မှာ ဆောက်သမ်းမြန်မာ ၄-၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိထားတာတွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ကြားမှ ကစားသမားအင်အား ကွာခြားမှု ကြီးကြီးမားမား ရှိမနေပါဘူး။ ဒီပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် နှစ်ပွဲဆက် လွဲချော်ခဲ့ရတဲ့ မောင်မောင်လွင် ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပြီး ဆောက်သမ်းအသင်းမှာတော့ ဂိုးသမား ပြည့်ဖြိုးအောင် ပွဲပယ် ပြစ်ဒဏ်ကြောင့် ယခုပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ရခိုင်ယူနိုက်တက်-မကွေးအက်ဖ်စီ
==================
(အောက်တိုဘာ ၂၂၊ ညနေ ၃း၀၀၊ အောင်ဆန်း)
ပထမအကျော့တွေ့ဆုံမှုရလဒ် = မကွေး ၁-၁ ရခိုင်
ပြီးခဲ့တဲ့ပွဲစဉ် (၂၀) မှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ထားတဲ့ မကွေးနဲ့ ရခိုင်အသင်းတို့ လာရောက်ဆုံတွေ့နေတာဖြစ်ပါတယ်။ မကွေးအသင်းက အဝေးကွင်းမှာ ရှမ်းအသင်းကို တစ်ဂိုး၊ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပြီး ရခိုင်အသင်းကတော့ တန်းဆင်းဇုန်အတွင်းက ဂျီအက်ဖ်အေအသင်းကို မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။….။ ဒါကြောင့် ပြီးခဲ့တဲ့အပတ် ရှုံးပွဲတွေ ကုစားဖို့ နှစ်သင်းစလုံး ကြိုး စားပါလိမ့်မယ်။ ဒီပွဲစဉ်ဟာ ရာသီကုန် အဆင့် ၅ ရပ်တည်နိုင်ဖို့ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်လည်းဖြစ်လို့ အကြိတ်အနယ်ရှိ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။
မှတ်ချက်= ရခိုင်ယူနိုက်တက်-မကွေးအက်ဖ်စီပွဲစဉ်ကို မူလသတ်မှတ်ထားသည့် ၃း၃၀ မှ ၃း၀၀ အချိန်သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ပါသည်။