ဇာတ်ရှိန်အမြင့်ဆုံးကာလကို ရောက်ရှိလာတဲ့ MNL Max Cement 2017 Week 20
========================== = = = =
ပြီးခဲ့တဲ့အပတ်မှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲနဲ့ အာရှဖလားခြေစစ်ပွဲစဉ်ကြောင့် ခေတ္တရပ်နားထားခဲ့ရတဲ့ MNL Max Cement 2017 ပွဲစဉ်တွေကို ယခုတစ်ပတ်မှာ ပြန်လည်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရာသီသိမ်းကာလနီးကပ်လာခဲ့ပြီဖြစ်လို့ ချန်ပီယံဆု ရရှိဖို့ ကြိုးပမ်းနေတဲ့အသင်းတွေနဲ့ တန်းဆင်းဇုန်ကအသင်းတွေအတွက်တော့ အမှားခံလို့ မရတော့တဲ့ အနေအထားအတစ်ခုပါပဲ။ ဒါ့အပြင် ပွဲစဉ် ၂၀ အပြီး ဇယားထိပ်ပိုင်း အပြောင်းအလဲဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိနေတာကြောင့် ပြိုင်ပွဲက တစ်ကယ့်ကို စိတ်ဝင်စားဖို့ ​ကောင်းတဲ့အချိန်ကို ​ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ အလားတူပဲ ရာသီကုန်မှာအဆင့် ၅ အတွင်းဝင်ဖို့ ကြိုးပမ်းနေတဲ့အသင်းတွေလည်း ပါဝင်နေလို့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂၀) ဟာ ဇာတ်ရှိန်အမြင့်ဆုံးကာလကို ရောက်ရှိနေချိန်လို့ ဆိုချင်ပါတယ်။

ရှမ်းယူနိုက်တက်-မကွေးအက်ဖ်စီ
= = = = = = = = = = = = = =
(အောက်တိုဘာ ၁၄၊ ညနေ ၃း၃၀၊ တောင်ကြီး)
ပထမအကျော့တွေ့ဆုံမှုရလဒ် = မကွေး ၀-၂ ရှမ်းယူနိုက်တက်ချန်ပီယံမျှော်လင့်ချက်အတွက် အမှားခံလို့ မရတော့တဲ့ ရှမ်းအသင်းနဲ့ ရာသီကုန်မှာ အဆင့် ၅ အတွင်း ၀င်ဖို့ ကြိုးစားနေတဲ့ မကွေးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာပါ။
ပထမအကျော့ တွေ့ဆုံစဉ်က နှစ်ဖက်အပြန်အလှန်ရှိခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ ရှမ်းအသင်းက ၂ ဂိုးအသာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ရှမ်းအသင်း အနိုင်ရရှိထားတာ တွေ့ရပါတယ်။ ဒါပေမယ့် မကွေးအသင်းက လိဂ်နောက်ဆုံးခြောက်ပွဲမှာ လေးပွဲနိုင်၊ နှစ်ပွဲသရေနဲ့ ရလဒ်ကောင်း ရရှိထားတာကို ထည့်တွက်ရပါမယ်။ ရှမ်းအသင်းအနေနဲ့ ဒီပွဲပြီးရင် ရတနာပုံအသင်းနဲ့ အဝေးကွင်းမှာ ပွဲကျပ်ကစားရဖို့ ရှိတဲ့အပြင် တစ်ကွက်မှားတာနဲ့ ကင်းဝင်ဖို့ ချောင်းနေတဲ့ ရန်ကုန်အသင်းရဲ့ ဖိအားကလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ယခုပွဲစဉ်ကို အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ အနိုင်ရရှိဖို့ ကြိုးပမ်းပါလိမ့်မယ်။ ဒါပေမယ့် ကစားပုံမာကျောပြီး အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိတဲ့ မကွေးအသင်း ရလဒ်ကောင်းခဲ့ရင်လည်း အံသြဖွယ်ရာ မရှိပါဘူး။

ရခိုင်ယူနိုက်တက်-ဂျီအက်ဖ်အေ
====================
(အောက်တိုဘာ ၁၄၊ ညနေ ၃း၀၀၊ အောင်ဆန်း)
ပထမအကျော့တွေ့ဆုံမှုရလဒ် ဂျီအက်ဖ်အေ ၂-၃ ရခိုင်
ပထမအကျော့တွေ့ဆုံစဉ်က အပြန်အလှန်သွင်းဂိုးတွေနဲ့ ရသမြောက်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ရသမြောက်ပွဲတစ်ပွဲကို ထပ်မံမြင်တွေ့ရဖို့ ရှိမလားဆိုတာ စောင့်ကြည့်ရပါမယ်။ လက်ရှိမှာ ရခိုင်အသင်းက ရာသီကုန် အဆင့် ၅ နေရာ အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့အသင်းဖြစ်ပြီး ဂျီအက်ဖ်အေအသင်းကတော့ တန်းဆင်းဇုန်အတွင်းမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ရခိုင်အသင်းရဲ့ နောက်ဆုံးသုံးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပြီး ဂျီအက်ဖ်အေအသင်းက နောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်ပိုင်းဆိုးရွားနေတာ တွေ့ရပါတယ်။
မှတ်ချက်= ရခိုင်-ဂျီအက်ဖ်အေပွဲစဉ်အား အောင်ဆန်းကွင်း၏ လျှပ်စစ်မီးရရှိနိုင်မှုအခြေအနေနှင့် ရာသီဥတု အခြေအနေကြောင့် မူလပွဲချိန် ၃း၃၀ အစား ၃း၀၀ အချိန်သို့ ပြောင်းရွှေ့ထားခြင်းဖြစ်ပါသည်။

ချင်းယူနိုက်တက်-ဧရာဝတီယူနိုက်တက်
=====================
(အောက်တိုဘာ ၁၄၊ ညနေ ၄း၀၀၊ သုဝဏ္ဏ)
ပထမအကျော့တွေ့ဆုံမှုရလဒ်= ဧရာဝတီ ၂-၀ ချင်း
တန်းဆင်းဇုန်ကြားထဲက ချင်းအသင်းနဲ့ အဆင့် ၄ နေရာက ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ ဧရာဝတီအသင်းက အမှတ်ပေးပြိုင်ပွဲထက်
ရှုံးထွက်ပြိုင်ပွဲကို အပြည့်အ၀ အာရုံစိုက်နေပြီး ချင်းအသင်းကတော့ တန်းမဆင်းရဖို့ လက်ကျန်ကောက်ရိုးတစ်မျှင်အတွက် ကြိုးပမ်းသွားရမယ့် အနေအထားပါပဲ။ ဒါပေမယ့် ဒီနှစ်သင်း
တွေ့ဆုံတိုင်း ဧရာဝတီအသင်းကပဲ အသာရထားတာကြောင့် အစဉ်အလာရ ဧရာဝတီအသင်းပဲ ရလဒ်ကောင်းရယူသွားဖို့ ရှိနေပါတယ်။

ဟံသာဝတီယူနိုက်တက်-ရတနာပုံအက်ဖ်စီ
======================
(အောက်တိုဘာ ၁၄၊ ညနေ ၃း၃၀၊ ပဲခူး)
ပထမအကျော့တွေ့ဆုံမှုရလဒ် ရတနာပုံ ၃-၂ ဟံသာဝတီ
အိမ်ကွင်းဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း နိုင်ပွဲမရသေးဘဲ သရေပွဲတွေသာ ဆက်တိုက်ကြုံတွေ့ထားတဲ့ ဟံသာဝတီအသင်းနဲ့ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသေးတဲ့ ရတနာပုံအသင်းတို့
ပဲခူးမြို့ Grand Royal Stadium ကြီးမှာ ယှဉ်ပြိုင်သွားကြမှာလည်း ဖြစ်ပါတယ်။ ပြည်တွင်းကစားသမားတွေကောင်းတွေအပြင် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင့် ဂျူနီယာနဲ့ တိုက်စစ်မှူး မာစီယို ဂိုမက်စ်တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ဟံသာဝတီးအသင်းအနေနဲ့ ယခုနှစ်မှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် ယခုတစ်ပတ်ပွဲစဉ်ကို ကွင်းလယ်လူ မောင်မောင်လွင်ပါ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်တာကြောင့် အိမ်ကွင်းနိုင်ပွဲဆောင်လောင်နေတဲ့ ပဲခူးမြို့ခံ အသင်းအတွက်တော့ နောက်ထပ် ထိုးနှက်ချက်တစ်ခုပါပဲ။ ဒါပေမယ့် ပြိုင်ဘက် ရတနာပုံအသင်းအနေနဲ့ ဒီပွဲပြီးရင် မဟာပြိုင်ဘက်ရန်ကုန်အသင်းနဲ့ ရှုံးထွက်ဆီးမီးဖိုင်နယ် ဒုတိယအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပါတယ်။ ဒါကြောင့် ရတနာပုံအသင်းအနေနဲ့ လက်ကျန် ချန်ပီယံမျှော်လင့်ချက်အတွက် ဆက်လက်တိုက်ပွဲဝင်မလား… ရှုံးထွက်ပွဲစဉ်ကိုပဲ အပြည့်အ၀အာရုံစိုက် ကစားသွားမလားဆိုတာ ဟံသာဝီနဲ့ပွဲစဉ်က အဖြေတစ်ခု ဖြစ်လာမှာပါ။

ရန်ကုန်ယူနိုက်တက်-ဇွဲကပင်ယူနိုက်တက်
=========================
(အောက်တိုဘာ ၁၅၊ ညနေ ၃း၃၀၊ Y.U.S.C)
ပထမအကျော့တွေ့ဆုံမှုရလဒ်= ဇွဲကပင် ၁-၂ ရန်ကုန်
ချန်ပီယံဆုတစ်ကျော့ပြန်ရယူဖို့ ကြိုးပမ်းနေတဲ့ ရန်ကုန်အသင်းဟာ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပြီး ဇွဲကပင်အသင်းကတော့ ပြီးခဲ့တဲ့သုံးပွဲစလုံး အနိုင်ရလဒ် ထွက်ပေါ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းတွေ့ဆုံတိုင်း ရန်ကုန်အသင်းက အသာရလေ့ရှိပြီး ပထမအကျော့မှာလည်း ရန်ကုန်အသင်းအနိုင်ရရှိထားပါတယ်။ ဒါ့အပြင် ချန်ပီယံဆုအတွက် လက်ကျန်ပွဲ တွေက အမှားမခံတော့လို့ ရန်ကုန်အသင်း အိမ်ကွင်းနိုင်ပွဲရယူဖို့ ကြိုးစားလာပါလိမ့်မယ်။