<<Opinion>>

မနေ့က မြန်မာ ယူ၁၈ အသင်း ရေကုန်ရေခမ်းကစားပြီး ဗီယက်နမ်ကို နိုင်တယ်။ အနိုင်ဂိုးတွေမရခင်ထိ တောက်တခေါက်ခေါက်နဲ့၊ မကြာခဏ အားမလိုအားမရအော်ဟစ်ခဲ့ရတာ အသံတွေနာလို့။ ဒီအသင်းက လိဂ်(၂)မှာ ဧည့်အသင်းတစ်သင်းအနေနဲ့ဝင်ကစားပြီး ကာလရှည်ပျိုးထောင်လာရတဲ့ လူငယ်အသင်းတစ်သင်း။ အခု အများမျက်စိရှေ့ ရောက်ရှိလာချိန်မှာ အနိုင်ဆိုတဲ့ရလဒ်တစ်ခုနဲ့အတူ အားလုံးပျော်လိုက်ကြတာများ သတင်းတွေ ဓာတ်ပုံတွေ ဝေဆာလို့။ ကွင်းထဲလာကြည့်တဲ့ ပရိသတ်ရော ရုပ်သံတွေကနေ တိုက်ရိုက်အားပေးနေကြတဲ့ ပရိသတ်တွေရော ဘယ်လောက်တောင် ပျော်လိုက်ကြမလဲဆိုတာ…။

နတ်ရေကန်ထဲ ပစ်ချလို့ မရတာ

ဒီနေရာမှ ပြောချင်တာက လိဂ်ဆိုတဲ့ ဘောလုံးလောက ရဲ့နှလုံး(သို့) ပင်မသွေးကြောကြီးအကြောင်းပါ။ ဒီယူ၁၈ အသင်းမှာ MFF အကယ်ဒမီက ပြုစုပျိုးထောင်ပေးလိုက်တဲ့ ကစားသမားလေးတွေ ပါဝင်သလို မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေက ငွေကုန်ကြေးကျခံပြီး မွေးထုတ်ပေးလိုက်တဲ့ ကစားသမားလေးတွေလည်း ပါနေတယ်။ နိုင်ငံတကာပြိုင်ပွဲ အသီးသီးအတွက် မြန်မာ့လက်ရွေးစင် အသင်းကြီး ၊ ယူ၂၂၊ ယူ၁၈ စသဖြင့် သက်တမ်းအလိုက် လက်ရွေးစင် အသင်းတွေ ဖွဲ့စည်းရာမှာ မြန်မာနေရှင်နယ်လိဂ် ဆိုတဲ့ လိဂ်ပြိုင်ပွဲကြီးရဲ့ အဖွဲ့ဝင် ကလပ်အသင်းတွေက ကစားသမားတွေနဲ့ စုဖွဲ့ကြရတယ်။ စနစ်တကျ ပြုစုပျိုးထောင်ခဲ့ရတဲ့ ကစားသမားလေးတွေချည်းပါပဲ။ မြန်မာ နေရှင်နယ်လိဂ် အသင်းစုစုပေါင်း (၁၂)သင်း ရှိတယ်ဆိုရင် အဲ့ဒီ ၁၂ သင်းကနေ အကောင်းဆုံး အသင့်တော်ဆုံး ကစားသမားတွေကို ရွေးချယ်ကြရတယ်။ ဒီအသင်းတွေ မရှိရင် ဒီလက်ရွေးစင်အသင်းဆိုတာလည်း မရှိဘူး။ အပျော်တမ်း အဆင့်နဲ့ ပျော်သလို လုပ်နေကြမယ်ဆိုရင် အာဆီယံ ၁၁ သင်းမှာ အဆင့် ၁၁ နေရာ ရောက်သွားလိမ့်မယ်။ အာရှဆိုတာ ဝေးရော၊ နယူးဇီလန်မှာ လုပ်ခဲ့တဲ့ ယူ၂၀ ကမ္ဘာ့ဖလားလိုမျိုးကတော့ အိပ်မက်ထဲတောင် ရောက်လာဖို့ မတန်ဘူး။

ရှင်နည်းရာ အဂ္ဂလူထွက်

လိဂ်ပြိုင်ပွဲကြီးတောင့်တင်းနေမှ အင်အားကောင်းနေမှ ဒေါင်ဒေါင်မြည် လက်ရွေးစင် အသင်းမွေးထုတ်ပေးနိုင်မယ် ဆိုတာ ဘောလုံးလောကရဲ့ နိယာမ တစ်ခုပဲဆိုတာ အားလုံးအသိ။ ကစားသမားမကောင်းရင် ဘယ်နည်းပြပဲ တာဝန်ယူပါစေ ဘာမှ အောင်မြင်မှု မရနိုင်ဘူး။ လိဂ်ပြိုင်ပွဲဝင် အသင်းတွေ များရင် များသလို ကစားသမားတွေ ကောင်းကောင်းရွေးချယ်နိုင်မယ်။ အခုတော့ ဒီလိုမဟုတ်ဘဲ ရှိနေတဲ့အသင်းအချို့တောင်ပျက်စီးကုန်ကြရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ နေပြည်တော်အသင်း ဘဏ္ဍာရေးအကြပ်အတည်းကြောင့် လိဂ်ကနေထွက်လိုက်ရတယ်။ လက်ရွေးစင်တွေ ထွက်ပေါ်လာဖို့ လိဂ်ပြိုင်ပွဲလုပ်နေပါတယ်ဆိုမှ ရှင်နည်းရာ အဂ္ဂလူထွက် ဆိုသလို တစ်သင်းပြီးတစ်သင်း ကြွေလွှင့်ကုန်မှာတော့ ဘယ်ကလာပြီး ကစားသမားကောင်းတွေ ထွက်တော့မလဲ။ ကလပ်အသင်း တစ်သင်း တည်ထောင်ဖို့ဆိုတာ စိတ်ကူးကြည့်ရုံနဲ့တင် လက်တွန့်ချင်စရာ။ ဒါကိုလက်မတွန့်ဘဲ လုပ်တဲ့သူတွေက လုပ်နေတာကြောင့်ဒီဘောလုံးလောက အသက်ဆက်နေရတယ်လို့ပဲ ကိုယ့်အမြင်နဲ့ကိုယ် မြင်မိတယ်။

ကချင်ရက် လက်ကျိုး

ဇေယျာရွှေမြေ အသင်းဆိုတာ မြန်မာနေရှင်နယ်လိဂ် စတင်တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့တဲ့ အသင်းကြီးတစ်သင်း။ မုံရွာမှာ အိမ်ကွင်းလုပ်တယ်။ သူ့ပရိသတ်နဲ့သူ အင်အားကြီးအသင်းတစ်သင်းအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တယ်။ ရတနာပုံအက်ဖ်စီနဲ့တွေ့ရင် အထက်အညာဒါဘီလို့တောင် တင်စားပြီး ပွဲတိုင်းပရိသတ်စည်စည်ကားကားနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့တယ်။ ဒီစည်ကားမှုက သိပ်တော့ကြာကြာမခံလိုက်ပါဘူး။ ဒေသခံ လွှတ်တော်အမတ်ဦးဆောင်ပြီး မုံရွာကွင်းကို ပြန်လည်သိမ်းဆည်းလိုက်တဲ့အခါမှာတော့ ဇေယျာရွှေမြေအက်ဖ်စီ အသင်းလည်းဖျက်သိမ်းလိုက်ရတယ်။ နဂါးဦးခေါင်းနဲ့အသင်းလိုဂိုလည်းပဲ ရာဇ၀င်ထဲမှာ ထားခဲ့ရတော့တာပါပဲ။
ပူပူနွေးနွေး ပျက်စီးသွားတဲ့ နောက်တစ်သင်းကတော့ နေပြည်တော်အက်ဖ်စီ။ သူလည်း ပေါင်းလောင်းကွင်းကို အိမ်ကွင်းအဖြစ် ကျင်းပခွင့်ရတော့ အာရှအဆင့် AFC CUP ကစားနိုင်အောင်ဆိုပြီး သူတို့ကွင်းကို မြက်ခင်းပြင်ကအစ ပွဲကြည့်စင်အဆုံး အဆင့်မြှင့်တင်ပြီးကာမှ ကွင်းပြန်အပ်လိုက်ရတယ်။ အိမ်ကွင်းမရှိတော့ ဝဏ္ဏသိဒ္ဓိကွင်းကိုငှားရမ်းသုံးစွဲပြီး လိဂ်ပွဲတွေ ကစားရတယ်။ အသင်းက အရင်ကတော့ အသင်းကြီးတစ်သင်း။ နောက်တော့ တဖြည်းဖြည်းလုံးပါးပါးလာလိုက်တာ ဒီနေ့ဆို အသင်းပါမရှိတော့ဘူး။ ကချင်ရက်နဲ့လက်ကကျိုး ဆိုသလိုပဲ ၀ါသနာအရင်းခံ၊ ရည်မှန်းချက်တွေထား…သို့ပေမယ့်လည်း အင်အားက ချိနဲ့သွားချိန်မှာ ဘယ်သူမှ ကူမယ့်သူ ကယ်မယ့်သူမရှိဘဲ ဘောလုံးအသင်းတွေ ဆုံးရှုံးကုန်တယ်။ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး။ နောက်ထပ်လည်း ဒီလိုမျိုးတွေ မကြုံစေချင်တော့ဘူး။

ထိုင်းကိုတော့ နိုင်ချင်ကြတာပေါ့. . .ဒါပေမဲ့

လိဂ်ပြိုင်ပွဲတောင့်တင်းရင် လက်ရွေးစင်အသင်း ဒေါင်ဒေါင်မြည်တယ်ဆိုတာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဥပမာပြချင်ပါတယ်။ ထိုင်းနိုင်ငံမှာ လိဂ်က တစ်ခုတည်းတောင်မဟုတ်ဘူး။ လိဂ်(၁)၊လိဂ်(၂)၊လိဂ်(၃)၊လိဂ်(၄)ကနေ အပျော်တမ်းလိဂ်အထိ အတန်းအသီးသီး ကျင်းပနေကြတယ်။ ထိုင်းတစ်နိုင်ငံလုံးမှာ ပရိုကလပ်၊ဆီမီးပရိုကလပ်၊အပျော်တမ်း ကလပ် အသင်းပေါင်း (၃၅၀)နီးပါးရှိတယ်။ သက်တမ်းအလိုက် လိဂ်ပွဲတွေရှိတယ်။ ယူ၁၃ ၊ ယူ၁၅၊ ယူ၁၇၊ ယူ၁၉ ကလပ်အသင်းလိဂ်ပွဲတွေရှိတယ်။ ပရိုကလပ်တိုင်းကိုယ်ပိုင် အကယ်ဒမီ ကိုယ်ပိုင်ကွင်းနဲ့ စည်စည်ကားကားရှိတယ်။ မျိုးဆက်သစ်တွေက တရစပ်ကို မွေးထုတ်ပေးနေတယ်။ လက်ရွေးစင် အသင်းအတွက် စိတ်ကြိုက်ရွေးနိုင်တယ်။ ကလပ်တွေများတော့ ကစားသမားကောင်းတွေများတော့ အသင်းကောင်းတွေပေါ်လာတယ်။ ဘာဖြစ်လဲ…အာဆီယံချန်ပီယံ ခဏခဏဖြစ်တာပေါ့။ လက်ရှိကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကစားနေတာများ အားရစရာ။ လက်ရှိထိုင်းရဲ့ ဘောလုံးအဆင့်အတန်းက အာဆီယံကို ကျော်လွန်သွားပြီး အာရှအဆင့်ဆိုတာ အရှိအတိုင်းလက်ခံတတ်ဖို့ လိုပါတယ်။ ထိုင်းကိုအရင်ကတည်းက နိုင်ချင်တယ်၊ အခုလည်း နိုင်ချင်တယ်။ မရှိရင်ရှိတဲ့အားနဲ့ကို ကျွန်တော်တို့က နိုင်ချင်ကြတာ။ နိုင်လိုစိတ်ကတော့ ကျွန်တော်တို့မှာလည်းရှိတယ်၊ ထိုင်းမှာလည်းရှိတာပါပဲဗျ။ ဒါပေမဲ့ အရှိတရားနဲ့ ကွာဟချက်တွေကိုတော့ သတိထားမြင်တတ်ဖို့ လိုတယ်။ ထိုင်းတွေ ဘောလုံးအသင်းပေါင်း ၃၅၀ လောက်ရှိနေချိန်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ကလပ်အသင်းက လိဂ်(၁)မှာက ၁၁ သင်း ၊ လိဂ်(၂)မှာက ၉ သင်း ။ ဒါလေးပါပဲ။ ဒါလေးနဲ့ပဲ ဘောလုံးလောက လည်ပတ်နေရတယ်။ သူ့အိုးနဲ့သူ့ဆန် တန်ရုံပေါ့လို့ ဆိုချင်ဆို..အချိန်တန်တော့ အောင်မြင်မှုက လိုချင်ကြတာမဟုတ်လား။

ဘောလုံးအဆင့်အတန်း မြင့်ချင်တယ် ဆိုရုံနဲ့…ဆိုရုံနဲ့

မြန်မာဟေ့ ဆိုပြီး ကွင်းထဲမှာရော လမ်းပေါ်တွေမှာ TV ရှေ့မှာ LED Screen ကြီးတွေရှေ့မှာ မျိုးချစ်စိတ်အပြည့်နဲ့ အားပေးနေကြတာ၊ ကမ္ဘာမကြေဆိုတဲ့ နိုင်ငံတော်သီချင်းကို အားမာန်အပြည့်နဲ့ သံပြိုင်သီဆိုနေကြတာ အားလုံး မြင်ဖူးကြလိမ့်မယ်။ ပွဲမပြီးခင်ထိပေါ့။ ပွဲပြီးတော့ ပျော်လိုက်ကြတာလည်း မြန်မာတွေပဲ၊ ရလဒ်မကောင်းလို့ မျက်ရည်ကျ ငိုယိုတော့လည်း မြန်မာတွေပဲ။ ဒီလို စိတ်ခံစားမှု အမျိုးမျိုးပေးနိုင်တဲ့ ဘောလုံး အားကစားက မြန်မာပြည်ရဲ့ နံပါတ်(၁) နေရာမှာ ရှိနေတာ မဆန်းဘူး။ ပြိုင်ရင် နိုင်ချင်တယ်။ နိုင်ချင်ရင် အလုပ်တွေ လုပ်ရမှာ အားလုံးသိကြတဲ့ အတိုင်းပဲ။ လက်ရွေးစင် အသင်း နိုင်ချင်တယ်၊ အောင်မြင်ချင်တယ်၊ ဘောလုံး အဆင့်အတန်းမြင့်ပြီး နိုင်ငံတကာမှာ ကျုပ်တို့ မြန်မာတွေ မျက်နှာမငယ်ချင်ဘူးဆိုရင် လုပ်စရာရှိတာကို ၀ိုင်းလုပ်ပေးမှပဲ ရမယ်။ အခြေခံဖြစ်တဲ့ လိဂ်ပြိုင်ပွဲကို အောင်မြင်အောင် လုပ်ပေးကြဖို့ MFF ၊ MNL နဲ့ ကလပ်အသင်းတွေမှာ အဓိက တာဝန်ရှိတာမှန်တယ်။ ဒါလောက်နဲ့တော့ ဘယ်ရမလဲ။ ပရိသတ်ပါရမယ်၊ စပွန်ဆာပါရမယ်၊ မီဒီယာပါရမယ်၊ အစိုးရကူသင့်တာ ကူရမယ်၊ Infrastructure ဆိုတဲ့ အင်မတန် ငွေကုန်ကြေးကျများလွန်းတဲ့အရာတွေ ဖြည့်ဆည်းဖို့အတွက် အကုန်ဝိုင်းကူမှ ရမယ်။ အားလုံးရဲ့ ကြိုးစားအားထုတ်မှု၊ ပူးပေါင်းပါဝင်မှုနဲ့ စေတနာအမှန်ကပဲ ရလဒ်အမှန်ကိုထွက်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ လမ်းပေါ်ထိုင်ငိုနေတဲ့ ကျွန်တော်တို့ ပရိသတ်တွေရဲ့မျက်နှာကို ထပ်ခါထပ်ခါ မြင်နေရဦးမှာပဲ။ဒီလိုမျိုးတော့ ထပ်မမြင်ချင်ဘူးရယ်. . .။
အာကာချို