ဒဏ်ရာတွေ တွန်းဖယ်ရင်း မြက်ခင်းစိမ်းတွေပေါ် ပြန်လာဖို့ ကြိုးစားနေသူတစ်ဦး သို့မဟုတ် ကြည်လင်း ….
============================================

ရန်ကုန်ယူနိုက်တက် အသင်းရဲ့ တောင်ပံကစားသမား ကြည်လင်း တစ်ယောက် ခြေကျင်းဝတ် ဒဏ်ရာကနေ လွန်မြောက်ပြီး စက်တင်ဘာမှာ ပြန်စမယ့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ အသင်းနဲ့ အတူ
ပွဲထွက်ပါဝင်ခွင့်ရဖို့ မျှော်လင့်နေနိုင်ပြီပဲ ဖြစ်ပါတယ်။
သူ့ရဲ့ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာက ၉၀ ရာခိုင်နှုန်း သက်သာနေပြီ ဖြစ်သလို အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြုလုပ်နေတာလည်း ရက်သတ္တပတ် ၂ ပတ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။
“ဆရာဝန် ခွင့်ပြုချက်လည်း ရနေပီ။ လောလောဆယ် ၀ိတ်ချဖို့က ဦးစားပေးလုပ်ဆောင်နေရတယ်။ အသင်းနဲ့ ပုံမှန်လေ့ကျင့်ခန်း လုပ်တယ်။ Gym ဆော့ဖြစ်တယ်” လို့ လက်ရှိသူ့ရဲ့ ညာဘက်ခြေကျင်းဝတ် ဒဏ်ရာနဲ့ ပတ်သက်လို့
ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့်က ပြောပြပါတယ်။

ကြည်လင်းအနေနဲ့ ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်မှာ ဒဏ်ရာဟောင်း ထိခိုက်စေခဲ့တဲ့အတွက် ၁ နှစ် ကျော်ကြာ အနားယူနေခဲ့ရတာပါ။ ဒါကြောင့်ပဲ
ရန်ကုန်အသင်းရဲ့ ယခုနှစ်ပွဲစဉ်တွေကို လွဲချော်နေခဲ့တဲ့အပြင် လက်ရွေးစင်အသင်းအတွက်ပါ ကိုယ်စားပြုခွင့် ဆုံးရှုံးလျက်ရှိပါတယ်။

” ကျွန်တော်ပြန်ကစားနိုင်ဖို့ ကြိုးစားနေတယ်။ အခု ပြေးတာက ၁၀၀ ရာခိုင်နှုန်း ရပေမယ့် သက်လုံပိုင်းကတော့ တဖြည်းဖြည်း ကြိုးစားသွားရမှာပဲ။ အရင်ခြေစွမ်းပြန်ရမယ်လို့လည်း ယုံကြည်တယ်” လို့ သူက ယုံကြည်မှု ရှိရှိ
ပြောဆိုလာပါတယ်။

အာဆီယံအကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်းဝင်ခဲ့ဖူးတဲ့ ကြည်လင်းအနေနဲ့ ၂၀၁၃ ဆီးဂိမ်းမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ဖူးပြီး ထိုစဉ်ကလည်း ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေနဲ့ လက်ရွေးစင် အသင်း
အတွက် ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ ဒဏ်ရာအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ သွားရောက် ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ သူဟာ ဒုတိယအကြိမ်
ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဒီလိုကာလတွေဟာ သူ့အတွက်တော့ အမှောင်မိုက်ဆုံး ညတွေ အဖြစ် ဖြတ်ကျော်ခဲ့ရပုံပါပဲ။

“ဒဏ်ရာရနေတဲ့ အချိန်မှာ ဘောလုံးပွဲတွေတောင် မကြည့်ချင်ဘူးဗျ။ ဘောလုံးပွဲကြည့်နေရင် ဝေဒနာတစ်ခု ထပ်တိုးလာသလို ခံစားရလို့။ ကြည့်နေရင်း ကိုယ်တိုင် ၀င်ကစားချင်တဲ့ စိတ်က အလိုလို ရောက်ရောက်လာတယ်။ ထိန်းချုပ်ဖို့တောင် တော်တော် ခက်ခဲပါတယ်” လို့ ခြေကျင်းဝတ်ဒဏ်ရာကို ညာလက်နဲ့ စမ်းကြည့်ရင်း ကြည်လင်းက ပြောပါတယ်။

ဒါပေမယ့် သူက ဒီဘ၀ကို အရှုံးမပေးဘဲ အပေါ့စားလေ့ကျင့်ခန်းတွေကနေ တစ်ဆင့် နောက်ဆုံး မြက်ခင်းစိမ်းတွေပေါ် တစ်ကျော့ပြန် ခြေချနိုင်တဲ့အထိ သူ့ဘ၀ကို ပြန်ပြီး တည်ဆောက်နေပါတယ်။

၂၀၁၂ မှာ ရန်ကုန်အသင်း အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့ရာမှာ သူက အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားခဲ့ပါတယ်။ ဒါကြောင့်ပဲ မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရသလို
နိုင်ငံလက်ရွေးစင်အသင်းမှာလည်း မှော်ဝင်ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပြန်တာကြောင့် အာဆီယံ အကောင်းဆုံး ၁၁ ယောက် စာရင်းမှာ တစ်ဦးတည်းသော မြန်မာကစားသမား
အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ကလပ်အသင်းမှာ ခြေစွမ်းပြ ကစားပေးနိုင်တာကြောင့် ၂၀၁၁ နှစ်က စလို ပြီးခဲ့တဲ့နှစ်ကာလတွေအထိ နည်းပြ အစဉ်အဆက် ထုတ်ပြန်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ကြည်လင်းရဲ့ နာမည်က မပါမဖြစ်
ထိပ်ဆုံး က နေရာယူခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်အသင်းတွေကပါ တကူးတက စောင့်ကြည့် ရတဲ့အထိ သူ့ရဲ့ခြေစွမ်းက ထက်မြက်ခဲ့ပါတယ်။
သူကိုယ်တိုင်ကလည်း အရည်အသွေး ပြည့်ဝတဲ့ ကျောက်ရိုင်းတစ်တုံး ဖြစ်ခဲ့သလို ကြိုးစားအားထုတ်မှုကပါ သူ့ရဲ့ ခြေစွမ်းကို အရောင်တင်ပေးသလို ဖြစ်စေခဲ့ပါတယ်။

၂၀၁၆ က စင်ကာပူမြေမှာ ခြေစမ်းကစားခဲ့တဲ့ စင်ကာပူ ၂-၁ မြန်မာ ပွဲစဉ်မှာ ကျော်ကိုကို၊ အောင်သူ စတဲ့ ကစားဖော်တွေနဲ့ အတွဲညီညီ ကစားနိုင်ခဲ့တဲ့အပြင် သူ့ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကြောင့် စင်ကာပူနောက်တန်းကို ဖရိုဖရဲ ဖြစ်စေခဲ့ရုံသာမက
ပွဲအပြီး စင်ကာပူနည်းပြ ဘန်းစတိန်းရဲ့ ချီးကျူးမှုကိုပါ ရရှိခဲ့ပါတယ်။

” ကျောနံပါတ် ၈ (ကြည်လင်း) ကစားပုံကို သဘောကျတယ်။ သူ့ကစားပုံက
ဘိုင်ယန်မြူးနစ်က ဟာဒန်ရှာကွီရီ(ဆွစ်ဇာလန် လက်ရွေးစင်) နဲ့တောင် ဆင်တူတယ်။ အရပ်ပုပုလေးနဲ့ ကစားတာ အရမ်းမြန်တယ်” ဆိုပြီး စင်ကာပူနည်းပြက ပွဲအပြီးမှာ ပြောခဲ့တာပါ။

” ဒါတွေအားလုံးအတွက် ဂုဏ်ယူပါတယ်။ ပီတိဖြစ်စရာတွေပေါ့” လို့ ‘အချိုပေါ် သကာဆင့်’ တဲ့ နှစ်တွေကို ပြန်ပြောင်းအောက်မေ့ရင်း ကြည်လင်းက ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဘောလုံးသမားဘ၀မှာ ချီးမွှမ်းသံတွေ သောသောညံ လက်ခံရရှိခဲ့တဲ့အပြင် ဝေဖန်မှုတွေနဲ့လည်း ဒုနဲ့ဒေး ရင်ဆိုင်ခဲ့ရပါတယ်။

” ဒါကတော့ ထုံးစံပဲလေ။ အကောင်းဆုံးပုံစံရနေရင် ချီးကျူးသံကြားရမယ်။ အဲဒီလိုမဟုတ်ရင် ဝေဖန်သံတွေနဲ့ ရင်ဆိုင်ရမယ်” လို့ ရင့်ကျက်သူ တစ်ယောက်လို ဖြစ်လာတဲ့ အသက် ၂၅ နှစ်အရွယ် ကြည်လင်းက ပြောပါတယ်။

သူဟာ ရန်ကုန်အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံ သုံးကြိမ်နဲ့ ရှုံးထွက်ဖလား တစ်ကြိမ် ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းမှာလည်း ယူ-၂၃ လက်ရွေးစင် အသင်းနဲ့
ကြေးတံဆိပ် ရရှိခဲ့သူပါ။ ဒါပေမယ့် အောင်ပွဲတွေ ဆာလောင်နေဆဲဆိုတာ သူ့ရဲ့ပြောစကားတွေက သက်သေခံနေပါတယ်။

ယခုနှစ်မှာ သူ့ရဲ့ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဆုဖလား တစ်ကျော့ပြန် ရရှိဖို့ ကြိုးပမ်းနေပေမယ့် သူအပါအ၀င် ငြိမ်းချမ်းအောင်၊ ကျော်မင်းဦး စတဲ့ အဓိက ကစားသမားတွေပါ ဒဏ်ရာတွေနဲ့
ရုန်းကန်နေရပါတယ်။ ဒီအခြေအနေဟာ နည်းပြချုပ် ဦးမျိုးမင်းထွန်းအတွက်တော့ ‘ရှင်နည်းရာ အဂ္ဂလူထွက်ကိန်း’ ဆိုက်တဲ့ အနေအထားကို ရာသီစကတည်းက ကြုံနေရတာပါ။

ကြည်လင်းရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့လည်း ” ၅၀ = ၅၀ စီပါပဲ” လို့ ဦးမျိုးမင်းထွန်းက မှတ်ချက်ပြုပါတယ်။

” အမြန်ဆုံး ပြန်ကစားချင်တယ်။ ကလပ်အသင်းအတွက်ရော၊ လက်ရွေးစင်အတွက်ပါ ပေးဆပ် ကစားချင်နေပြီ။ မစောင့်နိုင်တော့ဘူး” လို့ သူ့ကိုယ်သူ အားမရတဲ့ဟန်နဲ့ ဒဏ်ရာကို နောက်တစ်ကြိမ် စမ်းကြည့်ရင်း ကြည်လင်းက
ပြောပါတယ်။

ဘောလုံးသမားတစ်ယောက်အတွက် ဒဏ်ရာတွေနဲ့ စခန်းသွားရတာ အထူးအဆန်းတစ်ခု မဟုတ်ပေမယ့် ဒဏ်ရာသက်သာလာချိန်မှာ နဂိုမူလ ခြေစွမ်း ပြန်လည် ရရှိဖို့အတွက်တော့ ရုန်းကန်ရလေ့ ရှိတတ်ပါတယ်။
ဒါပေမယ့် ဒီအခြေအနေကို အကောင်းဆုံးဖြတ်ကျော်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် အသင်းဖော်တွေရဲ့ အားပေးမှုကလည်း သူ့ရဲ့ ရှေ့ခရီးအတွက် အားဆေးတစ်ခွက် ပါပဲလို့ ဆိုလာပါတယ်။

” အသင်းဖော်တွေဆီကလည်း အားပေးမှု ရတယ်။ အသင်းကလည်း ကျွန်တော့်ကို ဂရုစိုက်ပေးတယ်။ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါပဲ” လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။
ဒါပေမယ့် လက်ရှိ ရန်ကုန်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၁၈ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိနေပေမယ့်လည်း ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အနာဂတ်စီမံကိန်းမှာ သူ့ရဲ့ အခန်းကဏ္ဍ ပါဝင်ခွင့်
မရမှာ စိုးရိမ်ပူပန်မှု မရှိကြောင်းနဲ့ ယခုနှစ်မှာ
အသင်းချန်ပီယံဖြစ်ဖို့ အတွက်ပဲ
အာရုံစိုက်ထားတဲ့အကြောင်း ကြည်လင်းက ပြောပါတယ်။

သူ့ရဲ့ အသင်းဖော်တစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ကျော်ကိုကိုက ၂၀၁၅ အတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA.com) ကနေ ဖော်ပြခဲ့တဲ့ Yangon gang boost Myanmar’s hopes ဆောင်းပါးမှာ
ရန်ကုန်အသင်းနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ဖူးပါတယ်။

“ရန်ကုန်ယူနိုက်တက်ရဲ့ Nickname က The Lions ပါ။ ခြင်္သေ့ဆိုတာ တောဘုရင်ပဲ။ ဘယ်သားကောင်ကိုပဲဖြစ်ဖြစ် အကောင်းဆုံးအားထုတ်မှုနဲ့ အမဲလိုက်တဲ့သူလေ။ ကျွန်တော်တို့ ရန်ကုန်ကစားသမားတွေကလည်း
ကလပ်အတွက်ရော လက်ရွေးစင်အတွက်ပါ အဲဒီလိုပဲ ကစားတဲ့သူတွေပါ။ ဘယ်ပြိုင်ဘက်နဲ့ ရင်ဆိုင်တွေ့ပါစေ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်စိတ်က ရပ်တန့်သွားမှာ မဟုတ်ဘူး” ဆိုပြီး ရန်ကုန်ကြယ်ပွင့် ကျော်ကိုကိုက ပြောခဲ့တာပါ။

ဒီလိုပဲ The Lions အသင်းဝင် တစ်ယောက်ဖြစ်တဲ့ ကြည်လင်းက ” ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ။ ကျွန်တော် ရုန်းထွက်မယ်။ ပန်းတိုင်ကို ရောက်အောင်သွားမယ်” လို့ သူတို့ အသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို
ထပ်ဆင့် ထုတ်ဖော်ပြောဆိုပါတယ်။

နိုင်လိုစိတ်ပြင်းပြတဲ့ ကစားဟန်…ပြေးအား… ရုန်းအားတွေနဲ့… ပြိုင်ဘက်နောက်တန်းတွေ ထိန်းချုပ်ဖို့ ခက်ခဲစေတဲ့ ကြည်လင်း တစ်ယောက် မြက်ခင်းစိမ်းတွေပေါ် ပြန်လာဖို့ တာစူနေပါပြီ။
ဒါကြောင့် စင်ကာပူဆီးဂိမ်းအပြီး စက်တင်ဘာမှာ ပြန်လည် ကျင်းပမယ့် နေရှင်နယ်လိဂ်ပွဲစဉ်တွေမှာ ရန်ကုန်ယူနိုက်တက်ကြယ်ပွင့်ရဲ့ တစ်ချိန်က ခြေစွမ်းမျိုး မြင်တွေ့ရဦးမလားဆိုတာ….