MNL II MAX CEMENT 2017 အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီးတွင် စီးတီးရန်ကုန်အသင်း တိုက်စစ်မှူး ဂျိုးဇက်က ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပြီး အဆိုပါ တိုက်စစ်မှူးအား စီးတီးရန်ကုန်အသင်းမှ စာချုပ်သက်တမ်းတိုးမြှင့်ရန် အစီအစဉ်ရှိနေသည်။
စီးတီးရန်ကုန်အသင်း တိုက်စစ်မှူး ဂျိုးဇက်သည် ၂၀၁၇ ဘောလုံးရာသီတွင် အသင်းအတွက် သွင်းဂိုး စုစုပေါင်း ၃၁ ဂိုးထိ သွင်းယူပေး ခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့သည်။ တိုက်စစ်မှူး ဂျိုးဇက်နှင့် ပတ်သက်၍ စီးတီးရန်ကုန်အသင်း နည်းပြ ဦးချစ်နိုင်က ”ဂျိုးဇက်အတွက် အသင်းဥက္ကဋ္ဌရော မန်နေဂျာနဲ့ ဆွေးနွေးပြီးပြီ။ လစာတိုးပေးဖို့ကအစပေါ့။ဒီအကြောင်းမပြောခင် ပထမအကျော့ MNL ပြီးတုန်းက အသင်းတွေက ဂျိုးဇက်ကို စိတ်ဝင်စားကြတယ်။ တိုက်စစ်မှူးကို ပေးနိုင်မလားပေါ့။ ကျွန်တော်ကတော့ မပေးနိုင်ဘူး။ လာမယ့်နှစ်အတွက် ဂျိုးဇက်က ဘောလုံးအရ တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ အခု မြင်နေတဲ့ နိုင်ငံခြားသား တိုက်စစ်မှူးတွေထဲမှာ စိတ်ဓာတ်လဲ ကောင်းတယ်၊ စည်းကမ်းလဲကောင်းတယ်။ ကျွန်တော် နည်းပြချုပ် ဖြစ်နေသရွှေ့ ဂျိုးဇက်က အသင်းအတွက် အဓိက ကစားသမားပါလို့ သတ်မှတ်ထားပါတယ်” ဟု ပြောခဲ့သည်။

စီးတီးရန်ကုန်အသင်း တိုက်စစ်မှူး ဂျိုးဇက်(၀ဲ) နှင့် မဟာယူနိုက်တက်အသင်း နောက်ခံလူတို့ အကြိတ်အနယ် ဘောလုံးလုနေစဉ်
စီးတီးရန်ကုန်အသင်းသည် MNL II MAX CEMENT 2017 ပြိုင်ပွဲအပြီးတွင် ရှုံးပွဲမရှိ စံချိန်ဖြင့် ချန်ပီယံဖြစ်ကာ ၂၀၁၈ မြန်မာနေရှင်နယ် လိဂ်သို့ တန်းတက်လာခဲ့သည့် အသင်းဖြစ်သည်။ ထို့ကြောင့် စီးတီးရန်ကုန်အသင်းသည် ၄င်းတို့၏ ဂိုးသွင်းဘုရင် တိုက်စစ်မှူး ဂျိုးဇက်ကို စာချုပ် သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည့်အပြင် အခြားကစားသမားအချို့လဲ ထပ်မံအားဖြည့်ခေါ်ယူရန် ရှိနေသည်။