MNL II MAX CEMENT 2017 အမှတ်ပေးပြိုင်ပွဲတွင် အမှတ်ပေးဇယားကို ဦးဆောင်ထားသည့် စီးတီးရန်ကုန်အသင်းသည် ယခု တစ်ပတ်တွင် စီးတီးစတားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စီးတီးစတားအသင်းကို အနိုင်ရပါက ပွဲစဉ်များမကုန်မီ၌ပင် ချန်ပီယံဖြစ်သွားမည်ဖြစ်သည်။

လက်ရှိ MNL II MAX CEMENT 2017 အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် သုံးပွဲသာ ကျန်ရှိနေပြီး အမှတ်ပေးဇယားကို စီးတီးရန်ကုန် အသင်းက ရမှတ် ၄၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။ ထို့ပြင် စီးတီးရန်ကုန်အသင်းသည် ၁၆ ပွဲကစားပြီးချိန်တွင် ၁၄ ပွဲ နိုင်၊ နှစ်ပွဲ သရေ ၊ ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေခြင်းဖြစ်သည်။ စီးတီးရန်ကုန်အသင်းသည် လာမည့်ဇူလိုင် ၄ ရက် အောင်ဆန်းကွင်းတွင် စီးတီးစတားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အနိုင်ရခဲ့ပါက ရာသီမကုန်ခင် ချန်ပီယံဖြစ် မည်ဖြစ်သည်။ လက်ရှိ အမှတ်ပေးဇယား ဒုတိယနေရာတွင် မဟာယူနိုက်တက်အသင်းက ရမှတ် ၃၆ မှတ်ဖြင့် ရပ်တည်နေပြီး မြ၀တီ အက်ဖ်စီအသင်းက ရမှတ် ၃၅ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

MNL II MAX CEMENT 2017 အမှတ်ပေးပြိုင်ပွဲ (Week-18) ပွဲစဉ်များကို လာမည့် ဇူလိုင် ၄ ၊ ၅၊ ၆ ရက်များတွင် ကစားမည်ဖြစ်သည်။ ဇူလိုင် ၄ ရက် သုဝဏ္ဏကွင်းတွင် တက္ကသိုလ် လက်ရွေးစင်အသင်းနှင့် မောရ၀တီအသင်း၊ အောင်ဆန်းကွင်းတွင် စီးတီးစတားအသင်းနှင့် စီးတီးရန်ကုန်အသင်း၊ ဇူလိုင် ၅ ရက် သုဝဏ္ဏကွင်းတွင် ဒဂုံအက်ဖ်စီအသင်းနှင့် မြ၀တီအက်ဖ်စီအသင်း၊ အောင်ဆန်းကွင်းတွင် မဟာယူနိုက်တက်အသင်းနှင့် ဖုန်ဂန် အက်ဖ်စီ အသင်း၊ ဇူလိုင် ၆ ရက် သုဝဏ္ဏကွင်းတွင် ငွေကြယ်ပွင့်အသင်းနှင့် Phoenix A အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။