MNL II MAX CEMENT 2017 (Week-16) တွင် အမှတ်ပေးဇယား ဒုတိယနေရာက မြ၀တီအက်ဖ်စီနဲ့ တတိယနေရာက မဟာယူနိုက် တက်အသင်းတို့ ထိပ် တိုက်တွေ့ဆုံနေပြီး အဆိုပါပွဲစဉ်သည် တန်းတက်ဖို့အတွက် အရေးပါသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။

 

ပွဲစဉ် ၁၅ အပြီးမှာ အမှတ်ပေးဇယားကို စီးတီးရန်ကုန်အသင်းက ရမှတ် ၄၀ မှတ်နဲ့ ဦးဆောင်ထားပြီး စီးတီးရန်ကုန်အသင်းက ဘောလုံး ရာသီအကုန်တွင် ပထမနေရာမှာ တန်းတက်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။ လက်ကျန်ဒုတိယနေရာတစ်နေရာအတွက်ကိုမူ အဆင့် ၂ နေရာက မြ၀တီအသင်းနဲ့ အဆင့် ၃ နေရာက မဟာယူနိုက်တက်အသင်းတို့က အကြိတ်အနယ် လုရဖွယ်ရှိနေသည်။ မြ၀တီအသင်းက ၁၄ ပွဲကစားပြီးချိန်တွင် ၁၀ ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၃၂ မှတ်နဲ့အဆင့် ၂ မှာ ရပ်တည်နေပြီး မဟာယူနိုက်တက်အသင်းက ကိုးပွဲ နိုင်၊ သုံးပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၃၀ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေသည်။

မြ၀တီအက်ဖ်စီ အသင်းနဲ့ မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် (Week-16) ပွဲစဉ်ကို လာမည့် ဇွန်၂၁ ရက် ၊ ညနေ ၃း၃၀ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို MNL II Facebook Page မှ တိုက်ရိုက် (Live Stream) ပြသမည်ဖြစ်သည်။ မြ၀တီအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့၏ ပထမ အကျော့တွေ့ဆုံမှုတွင် မြ၀တီအက်ဖ်စီအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။