မြန်မာနေရှင်နယ်လိဂ်နှင့် နိုင်ငံတကာသုံး ငွေပေးချေကဒ် တစ်ခုဖြစ်သည့် JCB တို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြည်လမ်း နိုဗိုတယ် ဟိုတယ်ရှိ Eureka ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ JCB International (Thailand) မှ Managing Director မစ္စတာ နာအိုယာ မီချီရှီးမား၊ JCB မြန်မာ၏ Country Manager မစ္စတာ ယူဂျီ မစ်ဆူရှီတာနှင့် ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် C.O.O ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနား အစီအစဉ်အရ မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာစိုင်းဆမ်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် JCB International (Thailand) မှ Managing Director မစ္စတာ နာအိုယာ မီချီရှီးမားက မြန်မာနေရှင်နယ်လိဂ်အား စပွန်ဆာပေးရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်တွင် စပွန်ဆာစာချုပ်ကို အသိသက်သေများနှင့် အတူတကွ လက်မှတ်ရေးထိုး ခဲ့ကြပြီး မီဒီယာများ၏ မေးမြန်းမှုများကိုလည်း ပြန်လည် ဖြေကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က JCB သို့ အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

JCB နှင့် မြန်မာနေရှင်နယ်လိဂ်တို့သည် တစ်နှစ်သက်တမ်းရှိ စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး စာချုပ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ ဖြစ်သည်။