၂၀-၅-၂၀၁၇    GFA  –  ဟံသာဝတီ  (ညနေ ၄း၀၀)  အောင်ဆန်း  Live

အဆင့် ၁၁ နေရာက GFA အသင်းနဲ့ အဆင့် ၉ နေရာက ဟံသာဝတီအသင်းတို့ တွေ့ဆုံမှု ပဲဖြစ်ပါတယ်။ ဒီနှစ်သင်းက လက်ရှိမှာ ရမှတ် တစ်မှတ်ပဲ ကွာဟသေးသလို ခြေစွမ်းချင်း ယှဉ်မယ်ဆိုရင်လဲ မတိမ်းမယိမ်းအနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် ဟံသာဝတီအသင်းမှာ မာစီယို၊ မောင်မောင်လွင်တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ အလားတူ GFA အသင်းကလဲ နာမည်ကြီး ကစား သမားကောင်းတွေ သိပ်မရှိပေမယ့် အသင်းလိုက်စုဖွဲ့မှုနဲ့ စုစုစည်းစည်း ကစားတတ်တဲ့ အသင်းကောင်း တစ်သင်းပါ။ ဒီနှစ်သင်းရဲ့ ပထမ
အကျော့တွေ့ဆုံမှုမှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ နိုင်တဲ့အသင်းက တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက်နိုင်မှာဖြစ်လို့ အကြိတ်အနယ် ရှိလာမယ့် ပွဲကောင်း တစ်ပွဲပါပဲ။

၂၁-၅-၂၀၁၇    ရှမ်းယူနိုက်တက်  –  ချင်းယူနိုက်တက်   (ညနေ ၃း၃၀)  တောင်ကြီး

ပြီးခဲ့တဲ့တစ်ပတ်မှာ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းမှာ GFA အသင်းကို သရေ တစ်မှတ်ခွဲပေးခဲ့ရလို့ ဇယားထိပ်က ရန်ကုန်အသင်း နဲ့ အမှတ်ကွာဟမှုကို ထင်သလောက် လျော့ မချနိုင်ခဲ့ပါဘူး။ တောင်ကြီးကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ချင်းယူနိုက်တက် အသင်းကလဲ ဒုတိယအကျော့မတိုင်ခင်မှာ ပြင်ဆင်မှုအများကြီး လုပ်ထားပါတယ်။ ချင်းယူနိုက် တက်အသင်းရဲ့ နောက်ဆုံးခေါ်ယူ ထားမှု ကတော့ ရန်ကုန်ယူနိုက်တက်က လူငယ်တိုက်စစ်မှူး သန်းပိုင်ပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး သန်းပိုင်အနေနဲ့ ချင်းယူနိုက်တက် အသင်းအတွက် လိုအပ်နေတဲ့ ဂိုးတွေ သွင်းပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ အလားတူ အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းကလဲ အမှတ်ပေးဇယား ထိပ်က ရန်ကုန်အသင်းကို ဖိအားပေးနိုင်ဖို့အတွက် အိမ်ကွင်းပွဲတိုင်းကို အမှတ်ပြည့် ယူနိုင်မှသာ အခြေအနေကောင်း မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကလဲ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ အသေချာပါပဲ။

၂၁-၅-၂၀၁၇    မကွေး  –  နေပြည်တော်   (ညနေ ၄း၀၀)  သုဝဏ္ဏ Live

မကွေးအသင်းက AFC Cup ပြီးသွားပေမယ့်လဲ လိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရတုန်းပါပဲ။ ပြီးခဲ့တဲ့ တစ်ပတ်မှာလဲ ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ မကွေးအသင်းနဲ့ ကစားမယ့် နေပြည်တော်အသင်းကလဲ ရလဒ်တွေ ဆိုးနေ ပြီး အမှတ်ပေးဇယား အောက်ဆုံးထိ ရောက်နေပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးက ရလဒ်တွေ မကောင်းဖြစ်နေပေမယ့် မကွေးအသင်း က နေပြည်တော်အသင်းထက်စာရင် ကစားသမားအင်အားပိုင်းမှာ ပိုမိုတောင့်တင်းပါတယ်။ ပထမအကျော့ နေပြည်တော်အိမ်ကွင်းမှာ
မကွေးအသင်းက ၁-၀ ဂိုးနဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလဲ မကွေးတို့ ခက်ခက်ခဲခဲကစားပြီးမှ ကပ်နိုင်မယ့် ပုံစံမျိုးရှိနေပါတယ်။

၂၁-၅-၂၀၁၇    ဆောက်သမ်း   –  ရန်ကုန်   (ညနေ ၃း၃၀)   မော်လမြိုင်

ဆောက်သမ်းအသင်းက ရှုံးထွက်ပြိုင်ပွဲမှာလဲ ၁၆ သင်းအဆင့်ကနေ နောက်တစ်ဆင့် တက်နိုင်ခဲ့သလို လိဂ်ပြိုင်ပွဲမှာလဲ ရလဒ်တွေ ဆက်တိုက်ကောင်းနေလို့ အမှတ်ပေးဇယား အဆင့် ၆ နေရာထိ တက်ရောက်လာတဲ့ အသင်းပါ။ ဘရာဇီး လူမျိုးတိုက်စစ်မှူး ဂူစတာဗို ရောက်လာပြီး နောက်ပိုင်းမှာ ဆောက်သမ်းအသင်းရဲ့ တိုက်စစ်ပိုင်းက အလုပ်ဖြစ်လာပြီး ဂိုးတွေလဲ ရလာတာတွေ့ ရပါ တယ်။ ဆောက်သမ်းကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရန်ကုန်အသင်းကလဲ ဒီရာသီမှာ ရှုံးပွဲ လုံးဝမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ရန်ကုန်အသင်းက ၂-၀ ဂိုးနဲ့ နိုင်ထားပါတယ်။ ခြေစွမ်းတက်လာပြီး နိုင်ပွဲတွေနဲ့ အရှိန်ရလာတဲ့ အိမ်ရှင်ဆောက်သမ်းအသင်းကို ဧည့်သည် ရန်ကုန်တို့ ဟန့်တားနိုင်မှာလား..။

၂၂-၅-၂၀၁၇    ရတနာပုံ  –  ဧရာဝတီ   (ညနေ ၄း၀၀)  မန္တလာသီရိ  Live

အမှတ်ပေးဇယား အဆင့် ၃ နေရာက ရတနာပုံအသင်းနဲ့ အဆင့် ၄ နေရာက ဧရာဝတီအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ဒီပွဲကလဲ ဒီတစ်ပတ်အတွက် အကြိတ်အနယ် အရှိဆုံးဖြစ်မယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိချန်ပီယံ ရတနာပုံအသင်းကလဲ ချန်ပီယံဆုဖလား ကာကွယ်ဖို့အတွက် အမှတ်တွေ လိုအပ်နေပါတယ်။ အလားတူ ပဲ ဧရာဝတီ ယူနိုက်တက် အသင်းကလဲ ပထမအကျော့ ပြီးခါနီးကစပြီး အခုချိန်ထိ ရလဒ်တွေ ကောင်းမွန်နေတဲ့အပြင် ကစားသမားတစ်ဦးချင်းစီရဲ့ တစ်ဦးနဲ့တစ်ဦး နားလည်မှု အနေအထားကလဲ အကောင်းဆုံးအနေအထားဖြစ်နေပါတယ်။ ဒါကြောင့် အိမ်ရှင်ရတနာပုံတို့အနေနဲ့ ပထမအကျော့ ဧရာဝတီအိမ်ကွင်းမှာ နိုင်ထားတဲ့ စံချိန်ကို ဒုတိယအကျော့မှာလဲ ဆက်ထိန်းနိုင်ဖို့ သိပ်မလွယ်တဲ့အနေအထားဖြစ်နေပါပြီ။ ဧည့်သည် ဧရာဝတီအသင်းအနေနဲ့လဲ ပထမအကျော့က ရှုံးကြွေး ပြန်ဆပ်သွားနိုင်ပါ့မလား….စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

၂၂-၅-၂၀၁၇    ဇွဲကပင်  –  ရခိုင်ယူနိုက်တက်   (ညနေ ၄း၀၀)  အောင်ဆန်း

အမှတ်ပေးဇယား အလယ်အလတ်နေရာက အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုပါပဲ။ ဒုတိယအကျော့မှာ ရလဒ်တွေ ဆိုးလာတဲ့ ဇွဲကပင် အသင်းက တန်းဆင်းဇုန် အန္တရာယ် တဖြည်းဖြည်း  နီးကပ်လာပြီဖြစ်လို့ ဒီပွဲမတိုင်ခင်မှာကတည်းက အသင်းမှာရှိတဲ့ နိုင်ငံခြားကစား သမားအချို့ကို အပြောင်းအလဲ လုပ်ထားတာ တွေ့ရပါတယ်။ အလားတူပဲ ရခိုင်ယူနိုက်တက်အသင်း အနေနဲ့လဲ လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ်ကို လက်လွှတ်ခဲ့ရသလို အားကိုးရတဲ့ တိုက်စစ်မှူး ဆန်းဒေးကလဲ ပွဲပြယ် ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်လို့ အသင်းအတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ရခိုင်ယူနိုက်တက်အသင်းက ၁-၀ ဂိုးနဲ့ ကပ်ပြီး နိုင်ထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ အားနည်းနေတဲ့ ရခိုင်ယူနိုက်တက်အသင်းကို ဇွဲကပင် အသင်း အခွင့်ကောင်းယူပြီး ရှုံးကြွေး ပြန်ဆပ်သွားနိုင် ပါ့မလား….။

MNL MAX CEMENT 2017 (Week-14) ပွဲစဉ်များ
————————————————-
၂၀-၅-၂၀၁၇    GFA  –  ဟံသာဝတီ  (ညနေ ၄း၀၀)  အောင်ဆန်း  Live
၂၁-၅-၂၀၁၇    ရှမ်းယူနိုက်တက်  –  ချင်းယူနိုက်တက်   (ညနေ ၃း၃၀)  တောင်ကြီး
၂၁-၅-၂၀၁၇    မကွေး  –  နေပြည်တော်   (ညနေ ၄း၀၀)  သုဝဏ္ဏ Live
၂၁-၅-၂၀၁၇    ဆောက်သမ်း   –  ရန်ကုန်   (ညနေ ၃း၃၀)   မော်လမြိုင်
၂၂-၅-၂၀၁၇    ရတနာပုံ  –  ဧရာဝတီ   (ညနေ ၄း၀၀)  မန္တလာသီရိ  Live
၂၂-၅-၂၀၁၇    ဇွဲကပင်  –  ရခိုင်ယူနိုက်တက်   (ညနေ ၄း၀၀)  အောင်ဆန်း