ရန်ကုန်ယူနိုက်တက် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည့် မြန်မာ့လက်ရွေးစင် အသင်း၏ လူငယ်တိုက်စစ်မှူး သန်းပိုင်ကို ချင်းယူနိုက်တက် အသင်းက ၆ လ အငှားဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သန်းပိုင်အနေဖြင့် ယခု ၂၀၁၇ ဘောလုံးရာသီ ကုန်ဆုံးသည် အထိ ချင်းအသင်းတွင် ရှိနေတော့မည် ဖြစ်သည်။

ချင်းယူနိုက်တက် အသင်းအနေဖြင့် သန်းပိုင်ကို အငှားခေါ်ယူရန် ယခုလအစောပိုင်း ကတည်းက ကြိုးပမ်းခဲ့ခြင်း ဖြစ်သော်လည်း ရန်ကုန်ယူနိုက်တက်၏ အဓိက တိုက်စစ်မှူး အီမီကာ ဒဏ်ရာရရှိသွားခဲ့ သောကြောင့် အပြောင်းအရွှေ့မှာ ပျက်ပြယ်မလို ဖြစ်ခဲ့ရသေးသည်။ သို့သော် ယခုအခါ ရန်ကုန်ယူနိုက်တက် အနေဖြင့် တိုက်စစ်မှူးဟောင်း ဆီဇာကို ပြန်လည် ခေါ်ယူနိုင်ခဲ့ သောကြောင့် သန်းပိုင်ကို အငှားစေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခုခေါ်ယူမှုသည် ချင်းယူနိုက်တက် အတွက် ရာသီဝက် အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဒုတိယမြောက် ခေါ်ယူမှု ဖြစ်ပြီး ယူ-၂၂ လက်ရွေးစင်ဟောင်း သီဟထက်အောင်ကိုလည်း ရန်ကုန်ယူနိုက်တက် ထံမှ အငှားခေါ်ယူထားသည်။ ချင်းယူနိုက်တက် အသင်းအနေဖြင့် လက်ရှိတွင် တန်းဆင်းဇုန်အတွင်း မကျရောက်ရေး အတွက် ရုန်းကန်နေရပြီး ပွဲစဉ် ၁၃ အပြီးတွင် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ၌ ရမှတ် ၁၀ မှတ်ဖြင့် ရပ်တည်နေသည်။