ရခိုင်ယူနိုက်တက်အသင်းတွင် ခြေစွမ်းပြ ကစားနေသည့် လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ်သည် ယခုအချိန်တွင် ရှမ်းယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီဖြစ်သည်။

လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ်သည် MNL MAX CEMENT 2017 ပွဲစဉ် ၁၃ ပွဲကစားပြီးချိန်တွင် ရခိုင်ယူနိုက်တက်အသင်းအတွက် သုံးဂိုး သွင်းယူပေးထားသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

‘ ရှမ်းယူနိုက်တက်လို အသင်း ကောင်းတစ်သင်းက ကမ်းလှမ်းတာကို ကျွန်တော့်အနေနဲ့ မငြင်းနိုင်ပါဘူး။ ကျွန်တော် ရည်ရွယ်ချက်က အသင်းကြီးတစ်သင်းမှာ ကစားပြီး ချန်ပီယံဖြစ်ဖို့ပါ။ နောက်ပြီး ရှမ်းမှာ ကစားရင်း ကစားသမားကောင်းတွေ ရှိတဲ့အတွက် လက်ရွေးစင် ပိုဖြစ်နိုင်တယ်ထင်လို့ ပြောင်းရွှေ့ခဲ့တာပါ။ ‘ ဟု လူငယ်တိုက်စစ်မှူး ဒွေးကိုကိုချစ်က ပြောခဲ့ သည်။

ရခိုင်ယူနိုက်တက် အသင်းသည် လူငယ်တိုက်စစ်မှူးဒွေးကိုကိုချစ်ကို လက်လွှတ်ခဲ့ရသည့်အတွက် အသင်းတိုက်စစ်ပိုင်းတွင် ဆန်းဒေးမက်သရူးတစ်ဦးသာ ကျန်ရှိတော့ မည်ဖြစ်သည်။ ပွဲစဉ် ၁၃ ပွဲကစားအပြီးတွင် ရခိုင်ယူနိုက်တက်အသင်းသည် လေး ပွဲ နိုင်၊ ငါးပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။