၁၃-၅-၂၀၁၇      ရှမ်းယူနိုက်တက်   –  GFA    (ညနေ ၃း၃၀)   တောင်ကြီး   Live

ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ တစ်ပတ်မှာလဲ အိမ်ကွင်းမှာ ဇွဲကပင်အသင်းကို အမှား အယွင်း မရှိ အနိုင်ကစားပြီး ပထမနေရာက ရန်ကုန်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဧည့်သည်အဖြစ် လာကစားမယ့် GFA အသင်းက General Aung San Shield မှာလဲ ဖုန်ဂန်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို ပြီးခဲ့တဲ့ တစ်ပတ် လိဂ်ပြိုင်ပွဲမှာလဲ ဆောက်သမ်းအသင်းကို ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ရှမ်းယူနိုက်တက်အသင်းနဲ့ GFA အသင်းတို့ရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ရှမ်းအသင်းက
၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် GFA အသင်းက အဖွင့်ဂိုးစတင်သွင်းပြီး ပထမပိုင်း တစ်ပိုင်းလုံးကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းကြမှ ရှမ်းယူနိုက်တက်အသင်းက ခရစ္စတိုဖာ၊ စိုးမင်းဦးတို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ ဒါကြောင့် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ဧည့်သည် GFA အသင်းကို လျော့တွက်လို့ မရတဲ့ အနေ အထားပါပဲ။ နောက်ပြီး ရှမ်းယူနိုက်တက် အသင်း ဒုတိယအကျော့အတွက် အသစ်ခေါ်ယူထားတဲ့ ကိုရီးယားတိုက်စစ်မှူးက GFA နဲ့ပွဲ ပါဝင်ကစားခွင့်ရပြီဖြစ်လို့ တိုက်စစ်မှူးသစ်ရဲ့
အနေအထားကိုလဲ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

၁၄-၅-၂၀၁၇      ဆောက်သမ်း   –  ချင်းယူနိုက်တက်   (ညနေ ၃း၃၀)   မော်လမြိုင်  

ပြီးခဲ့တဲ့ တစ်ပတ်မှာ GFA အသင်းကို ဂိုးပြတ် အနိုင်ကစားနိုင်ခဲ့လို့ ဆောက်သမ်းအသင်းက အမှတ်ပေးဇယား ရပ်တည်မှု တိုးသွားတဲ့ အပြင် နိုင်ပွဲကြောင့် ကစားသမားတွေလဲ အရှိန် စတင်ရလာတဲ့ သဘောမျိုး ရှိနေပါတယ်။ ဧည့်သည်အဖြစ် လာကစားမယ့် ချင်းယူနိုက် တက်အသင်းကလဲ ဒုတိယအကျော့မှာ ပြောင်းလဲမှုတွေ ပြုလုပ်ထားပြီး ပြီးခဲ့တဲ့တစ်ပတ်တုန်းက နေပြည်တော်အသင်းကို ဂိုးပြတ် အနိုင်ရ ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ချင်းယူနိုက်တက်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီတစ်ကြိမ် ဒုတိယအကျော့ တွေ့ဆုံမှုမှာတော့ အိမ်ရှင်ဆောက်သမ်းအသင်းအနေနဲ့ ပထမအကျော့ ရှုံးကြွေး ဆပ်နိုင်ပါ့မလား…စိတ်ဝင်စားစရာပါပဲ။

၁၄-၅-၂၀၁၇      မကွေး   –   ဧရာဝတီယူနိုက်တက်    (ညနေ ၄း၀၀)  သုဝဏ္ဏ   live

အမှတ်ပေးဇယား အဆင့် ၆ နေရာက မကွေးအသင်းနဲ့ အဆင့် ၄ နေရာက ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ လက်ရှိဧရာဝတီအသင်းက မကွေး အသင်းထက် ရပ်တည်မှု ပိုမြင့်သလို အသင်းလိုက်ကစားအားနဲ့ တစ်ဦးချင်း စုဖွဲ့မှုမှာလဲ ဧရာဝတီအသင်းကပဲ မကွေးအသင်းထက် အနည်းငယ်သာနေပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့တွေ့ဆုံမှု ဧရာဝတီအိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာကော အကြိတ်အနယ်ကစားပြီး သရေ ထပ်ကျဦးမလား ဒါမှမဟုတ် ခြေစွမ်းပိုသာနေတဲ့ ဧရာဝတီ
အသင်းပဲ အနိုင်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

၁၄-၅-၂၀၁၇      နေပြည်တော် – ဟံသာဝတီ     (ညနေ ၃း၃၀)  ၀ဏ္ဏသိဒ္ဓီ

အမှတ်ပေးဇယား အဆင့် ၁၁ နေရာက နေပြည်တော်အသင်းနဲ့ အဆင့် ၁၂ နေရာက ဟံသာဝတီအသင်းတို့ရဲ့ တွေ့ဆုံမှုပါ။ နှစ်သင်းစလုံး က တန်းဆင်းဇုန်ထဲ ရောက်နေကြလို့ ဒုတိယအကျော့မှာ တန်းဆင်းဇုန်က ထွက်နိုင်ဖို့ ကြိုးစားကြမှာပါ။ နေပြည်တော်အသင်း နောက်ဆုံးကစားထားတဲ့ပွဲမှာ ချင်းယူနိုက်တက်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် အခု ကစားမယ့် ဟံသာဝတီနဲ့ ပွဲမှာ လည်း အသင်းရဲ့ နောက်ခံလူ အီဗရာဟင်နဲ့ ကွင်းလယ်လူ စလစ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်လို့ နေပြည်တော် အသင်းအနေနဲ့ နစ်နာစရာဖြစ်လာ ပါတယ်။ ဧည့်သည်အဖြစ် လာကစားမယ့် ဟံသာဝတီအသင်းကလဲ ဒီနှစ် နေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ တောက်လျှောက်ဆိုးရွားခဲ့ပြီး တန်းဆင်းဇုန်ထဲအထိ ရောက်နေပါ တယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့တွေ့ဆုံမှု တောင်ငူ ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဧည့်သည်အဖြစ်လာကစားမယ့် ဟံသာဝတီအသင်းက အိမ်ရှင်ထက်
ပိုမိုအားကောင်းနေပါတယ်။

၁၄-၅-၂၀၁၇      ရန်ကုန်  –  ရခိုင်ယူနိုက်တက်  (ညနေ ၃း၃၀)  YUSC

ပြီးခဲ့တဲ့တစ်ပတ် အဝေးကွင်းမှာ အိမ်ရှင်ဧရာဝတီအသင်းနဲ့ သရေကျခဲ့လို့ ရန်ကုန်အသင်းအနေနဲ့ ဒုတိယနေရာက ရှမ်းယူနိုက်တက် အသင်းရဲ့ ဖိအားပေးခြင်းကို ခံနေရပါတယ်။ ရန်ကုန်မြက်ခင်းတုကွင်းမှာ ဧည့်သည်အဖြစ် လာကစားမယ့် ရခိုင်ယူနိုက်တက်အသင်းက လိဂ်နောက်ဆုံးပွဲမှာ အိမ်ရှင်ဟံသာဝတီအသင်းကို အနိုင်ကစားနိုင်ခဲ့သလို General Aung San Shield ဒုတိယအဆင့်မှာလဲ ချင်းယူနိုက်တက်အသင်းကို အနိုင်ကစားပြီး ခြေစွာနေတဲ့အသင်းဖြစ်ပါတယ်။ ရန်ကုန်နဲ့ ရခိုင်ယူနိုက်တက်တို့ရဲ့ ပထမအကျော့ ဝေသာလီ အိမ်ကွင်း တွေ့ဆုံမှုမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဧည့်သည် ရခိုင်ယူနိုက်တက်အသင်းအနေနဲ့ ဒီတစ်ကြိမ်မှာကော ရန်ကုန် ယူနိုက်တက်အသင်းဆီက အမှတ်ယူနိုင်ဦးမလားဆိုတာစိတ်ဝင်စား စရာပါပဲ။

၁၄-၅-၂၀၁၇      ဇွဲကပင်  – ရတနာပုံ              (ညနေ ၄း၀၀)  အောင်ဆန်း

ပြီးခဲ့တဲ့ တစ်ပတ် အဝေးကွင်းမှာ ဇွဲကပင်အသင်းက အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့သလို နောက်ဆုံးကစားထားတဲ့ General Aung San Shield ပြိုင်ပွဲမှာလဲ ဟံသာဝတီကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ လက်ရှိမှာ ဇွဲကပင်အသင်းက တန်းဆင်းဇုန်ထဲအသင်းနဲ့ ငါးမှတ်သာာ ကွာဟတော့လို့ ရလဒ်တွေ ဆက်လက်ဆိုးရွားနေမယ်ဆိုရင်တော့ တန်းဆင်းဇုန် အန္တရာယ်ပိုများ လာနိုင်ပါတယ်။ ဧည့်သည် အဖြစ် လာကစားမယ့် လက်ရှိချန်ပီယံ ရတနာပုံအသင်းက ဒုတိယအကျော့ အဖွင့်ပွဲမှာ မကွေးကို အမှတ်ခွဲပေးခဲ့ရလို့ ရမှတ် လိုနေတဲ့ အသင်းပါ။ ရတနာပုံအသင်းအနေနဲ့ ချန်ပီယံဆုကာကွယ်နိုင်ဖို့ ဒုတိယအကျော့ပွဲစဉ်တိုင်းမှာ အမှတ်အရယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒီနှစ်သင်းရဲ့ ပထမအကျော့ တွေ့ဆုံမှုမှာ ရတနာပုံက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နှစ်သင်းစလုံးက ကိုယ်စီ ဖိအားတွေ ရှိနေကြတာဖြစ်လို့ ဒီပွဲစဉ်ကလဲ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာမှာ သေချာပါတယ်။

MNL MAX CEMENT 2017 (Week-13) ပွဲစဉ်များ
—————————————————
၁၃-၅-၂၀၁၇      ရှမ်းယူနိုက်တက်   –  GFA    (ညနေ ၃း၃၀)   တောင်ကြီး   Live
၁၄-၅-၂၀၁၇      ဆောက်သမ်း   –  ချင်းယူနိုက်တက်   (ညနေ ၃း၃၀)   မော်လမြိုင်  
၁၄-၅-၂၀၁၇      မကွေး   –   ဧရာဝတီယူနိုက်တက်    (ညနေ ၄း၀၀)  သုဝဏ္ဏ   live
၁၄-၅-၂၀၁၇      နေပြည်တော် – ဟံသာဝတီ     (ညနေ ၃း၃၀)  ၀ဏ္ဏသိဒ္ဓီ
၁၄-၅-၂၀၁၇      ရန်ကုန်  –  ရခိုင်ယူနိုက်တက်  (ညနေ ၄း၀၀)  YUSC
၁၄-၅-၂၀၁၇      ဇွဲကပင်  – ရတနာပုံ              (ညနေ ၄း၀၀)  အောင်ဆန်း