၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) တွင် မြ၀တီအသင်း နိုင်ပွဲ ဆက်ခဲ့သည့်နည်းတူ ပွဲစဉ်(၈) တွင် နိုင်ပွဲပျောက်ဆုံးခဲ့ကြသည့် မဟာ ယူနိုက်တက်နှင့် ဖီးနစ်အသင်းတို့လည်း နိုင်ပွဲ ပြန်လည် ရရှိခဲ့သည်။

နေရှင်နယ်လိဂ်-၂ ပွဲစဉ်(၉) အား ပွဲစဉ်ရွှေ့ဆိုင်ထားသည့် စီးတီးရန်ကုန်-ယူနီဗာစတီ ပွဲစဉ်မှ လွဲ၍ ကျန်ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၁၄၊ ၁၅ ၊ ၁၆ ရက်များ ကျင်းပခဲ့ပြီး မြ၀တီ၊ ဖီးနစ် (က)၊ မဟာယူနိုက်တက် အသင်းတို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၄ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ငွေကြယ်ပွင့်လေးများအသင်းနှင့် မြ၀တီအသင်းတို့ ပွဲတွင် မြ၀တီအသင်းက ခြေစွမ်းပြ ကစားကာ အမှတ်ပေးဇယားအောက်ဆုံးက ငွေကြယ်ပွင့်လေးများအသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ မြ၀တီအသင်း အတွက် အနိုင်ဂိုးများကို ၁၇၊ ၂၁၊ ၇၉၊ ၈၅ မိနစ်များတွင် အသင်းခေါင်းဆောင် ရဲဝေယံစိုး တစ်ဦးတည်းက လေးဂိုးနှင့် ကောင်းစည်သူက ၄ မိနစ်၊ ၅၇ မိနစ်များတွင် နှစ်ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။

အလားတူ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ပွဲတွင် မဟာယူနိုက်တက်အသင်းက ယူနိုက်တက်သန်လျင် အသင်းကို သုံးဂိုးပြတ် အနိုင်ရရှိခဲ့ ကာ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့သည်။ မဟာအသင်းအတွက် အနိုင်ဂိုးများကို ၉ မိနစ်တွင် တိုးဆက်နိုင်၊ မိနစ် ၃၀ တွင် ဘားနက်ဖရိုက်ဒေး နှင့် ၅၁ မိနစ်တွင် သန်းထိုက်အောင်တို့က သွင်းယူပေးခဲ့ကြသည်။

အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဖီးနစ် (က) အသင်းနှင့် မောရ၀တီတို့ပွဲတွင် ဖီးနစ်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နေရှင်နယ် လိဂ် လေးပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ဖီးနစ်အသင်းအတွက် ဂိုးများကို ၄ မိနစ်၊ ၆၅ မိနစ်တွင် ၀င်းနိုင်ထွန်း နှင့် ပြည့်စုံနိုင်တို့ သွင်းယူပေးခဲ့ပြီး မောရ၀တီအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးအား ပွဲချိန် ၂၁ မိနစ်တွင် တိုက်စစ်မှူး ဆင်မြူရယ်က ရယူပေး ခဲ့သည်။

မတ်လ ၁၆ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ဖုန်ဂန်အသင်းနှင့် ဒဂုံတို့ ပွဲစဉ်တွင် ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

နေရှင်နယ်လိဂ်ပွဲစဉ်(၉) အပြီးတွင် စီးတီးရန်ကုန်အသင်းက တစ်ပွဲလျော့ကစားပြီး စုစုပေါင်း ရမှတ် ၁၉ မှတ်ဖြင့် ဒုတိယနေရာ မှ မြ၀တီအသင်းကို ၂ မှတ် ဖြတ်ကာအဆင့် ၁ နေရာကို ရယူထားသည်။

ယခုတစ်ပတ်ပွဲစဉ်များအနက် စီးတီးရန်ကုန်နှင့် ယူနီဗာစတီအသင်းတို့၏ ပွဲစဉ်ကို တက္ကသိုလ်အသင်းမှ ကျောင်းသားများ၏ စာမေးပွဲ ကာလနှင့် တိုက်ဆိုင်နေသဖြင့် မူလသတ်မှတ်ထားသည့် မတ်လ ၁၅ ရက်မှ ဧပြီလ ၄ ရက်သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်သည်။

နေရှင်နယ်လိဂ် ပွဲစဉ်(၉) ရလဒ်များ

ငွေကြယ်ပွင့်လေးများ ၀-၆ မြ၀တီ
ယူနိုက်တက်သန်လျင် ၀-၃ မဟာယူနိုက်တက်
ဖီးနစ် (က) ၂-၁ မောရ၀တီ
ဖုန်ဂန် ၀-၀ ဒဂုံ