၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ် ဖြစ်သည့် ပွဲစဉ် ၁ ပွဲစဉ်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ရက်များက ကျင်းပခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် – ၂ တွင် ပြိုင်ပွဲဝင် အသင်း ၁၁ သင်း ရှိသောကြောင့် တစ်သင်းနား ၁၀ သင်းကစား စနစ်ဖြင့် ပွဲစဉ်များကို ကျင်းပခဲ့ရာ အသင်းသစ် ဖီးနစ်အသင်း ယခုတစ်ပတ်တွင် အနားရခဲ့ပြီး ကျန်အသင်းများက ပွဲစဉ်များ ယှဉ်ပြိုင်ကစား ခဲ့ကြသည်။ ထူးခြားမှု အဖြစ် ယခုတစ်ပတ် ပွဲများတွင် သရေပွဲ လုံးဝမရှိခဲ့ဘဲ ပွဲတိုင်း အနိုင်အရှုံး ပြတ်သား ခဲ့သည်ကို တွေ့ရသည်။ ပွဲစဉ်ငါးပွဲတွင် သွင်းဂိုး ၁၃ ဂိုးထိ ရှိခဲ့သောကြောင့် တစ်ပွဲပျမ်းမျှ ဂိုးသွင်းနှုန်း ၂.၆ ဂိုးထိ ရှိခဲ့သည်။

အဖွင့်ပွဲစဉ်များတွင် MNL မှ တန်းပြန်ဆင်း လာသည့် Horizon အသင်းကို အမည်ပြောင်းလဲ ထားသည့် စီးတီးရန်ကုန် အသင်းက ပြီးခဲ့သည့် ရာသီက လိဂ်- ၂ တွင် ခြေစွမ်းပြခဲ့သည့် မဟာယူနိုက်တက်ကို ၃-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ကစား ခဲ့သည်။ အခြားပွဲကောင်း တစ်ပွဲဖြစ်သည့် မြဝတီ အသင်းနှင့် ဒဂုံ အသင်းတို့၏ ပွဲတွင် နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင် ကသားခဲ့ကာ မြဝတီက နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သည်။ မော်ရဝတီနှင့် ဖုန်ဂန် အသင်းတို့၏ ပွဲတွင် ဖုန်ဂန်က ၂-၀ ဂိုးဖြင့် နိုင်ခဲ့ပြီး တက္ကသိုလ် အသင်းနှင့် ဆေးလ်ဗားစတား အသင်းတို့၏ ပွဲတွင်လည်း တက္ကသိုလ် အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရ ခဲ့သည်။

ယနေ့ ယှဉ်ပြိုင် ကစားခဲ့ကြသည့် စီးတီးစတား အသင်းနှင့် ယူနိုက်တက်အော့ဖ် သန်လျှင် အသင်းတို့၏ ပွဲတွင် သန်လျှင် အသင်းက ပွဲချိန် မိနစ် ၄၀ တွင် ဦးဆောင်ဂိုး သွင်းယူကာ ပွဲကို ဦးဆောင် နိုင်ခဲ့ သော်လည်း စီးတီးစတား အသင်းက ဒုတိယပိုင်းတွင် အံ့အားသင့်ဖွယ် တန်ပြန် နိုင်ခဲ့ပြီး ပွဲအပြီးတွင် ၃-၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

သို့ဖြစ်ရာ စီးတီးရန်ကုန် အသင်းက ရမှတ် ၃ မှတ် ဂိုးကွာခြားချက် ၃ ဂိုးဖြင့် အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့သည်။ ယင်းနောက်တွင် စီးတီးစတား၊ ဖုန်ကန်၊ တက္ကသိုလ် အသင်းနှင့် မြဝတီ အသင်းတို့ အစဉ်လိုက် ရှိနေသည်။